AI Language Model ‘‘ChatGPT’’ အကြောင်း တစေ့တစောင်း


Blogs

OpenAI ရဲ့ ChatGPT က ဉာဏ်ရည်တုနည်းပညာ(AI)လောကတစ်ခုလုံးကို ကိုင်လှုပ်နေတယ် ဆိုတဲ့ အကြောင်းကြားပြီးကြပြီလား။ OpenAIဆိုတာ ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence) ကို သုတေသနပြုလုပ်တဲ့ အဖွဲ့အစည်း၊ ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်။ OpenAI ကို ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလမှာ ဉာဏ်ရည်တုနည်းပညာ နယ်ပယ်တွင် စွန့်ဦးတီထွင်သူများ ဖြစ်ကြသည့် Elon Musk, Sam Altman, Greg Brockman, Ilya Sutskever, John Schulman နှင့် Wojciech Zaremba တို့က စတင် တည်ထောင်ခဲ့ကြတာဖြစ်ပါတယ်။ ChatGPT ကို Open AI ဆိုတဲ့ AI သုတေသနဌာနကနေ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့မှာ စတင်ကြေညာလိုက်တာ ဖြစ်တယ်။ သူ့ရဲ့ အဓိကရည်မှန်းချက်ပန်းတိုင် ကတော့ ဉာဏ်ရည်တုနည်းပညာက လူသားတို့အကျိုးစီးပွား အားလုံး အတွက် ကောင်းကျိုးပြု နိုင်ဖို့ပဲဖြစ်ပါတယ်။

တဟုန်ထိုး တိုးတက်လာသော ဉာဏ်ရည်တုနည်းပညာ (AI) က ဆန်းသစ်သော စကားပြောဆိုမှုဆိုင်ရာ AI စနစ်များ အတွက် လမ်းခင်းပေးနေသည်ကို တွေ့နေရပြီဖြစ်ပါတယ်။ OpenAI မှတီထွင်ထားသည့် Chat GPT သည် လူသားနှင့်စက် အပြန်အလှန်ဆက်သွယ်မှုပုံစံကို ပြောင်းလဲပေးနိုင်ကြောင်း သိသာစေတဲ့ ဆင့်ကဲဖြစ်စဉ် တစ်ခုပဲဖြစ်ပါတယ်။ ကိုယ်သိချင်တဲ့ ဘယ်အကြောင်းအရာကိုမဆို မေးလိုက်ရုံနဲ့ ချက်ချင်းဖြေပေးတဲ့ ဉာဏ်ရည်တုနည်းပညာ တစ်ခုပဲဖြစ်ပါတယ်။ ဥပမာ- ကျောင်းသားတစ်ယောက်က သင်္ချာစာတစ်ပုဒ်ကို နားမလည်ဘူးဆိုပါစို့၊  ChatGPT ရဲ့ Chatbox မှာ Information input ထည့်သွင်းပြီး မေးလိုက်တာနဲ့ ဆရာတစ်ယောက်လို ရှင်းပြပေးပါလိမ့်မယ်၊ Essay တို့ Story တို့ ကနေ သီချင်းတွေအထိကိုပါ ကောင်းကောင်း ‌ရေးပေးနိုင်တာကို အံ့သြဖွယ်တွေ့ရပါတယ်။ ဒါတင်မကသေးပါဘူး ကိုယ်ပြုလုပ်ဖန်တီးချင်တဲ့ ဗီဒီယိုတစ်ခု၊ ပါဝင်မယ့် အကြောင်းအရာ၊ စာသားအားလုံးကို AI နည်းပညာဖြင့်ဖန်တီးလို့ရပါတယ်။

ယခုဆိုရင် Photo editing လိုမျိုး Graphic  လောကကိုပါ AI နည်းပညာတွေက စိန်ခေါ်လာနေပါပြီ။ ကိုယ်လိုချင်တဲ့ပုံတစ်ပုံကို ပြောပြလိုက်ရုံနဲ့ ChatGPT က လူသားတို့ စိတ်တိုင်းကျ ပုံဖော်ဆွဲပေးနေပါပြီ။ ဒါဟာ တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းလှတဲ့ နည်းပညာ အပြောင်းအလဲတစ်ခုပဲဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေကို လည်း နည်းပညာလိုက်စားတဲ့ Youtuber တွေက ကိုယ်တိုင် လက်တွေ့စမ်းပြနေကြတဲ့ ဗီဒီယိုတွေကို သင်ကိုယ်တိုင်ရှာဖွေကြည့်ရှုနိုင်ပါတယ်။  ChatGPT ရဲ့ ထိရောက်တဲ့ စွမ်းဆောင်ရည်တွေနဲ့ နယ်ပယ် တိုင်းလိုလိုအပေါ် နက်နက်နဲနဲအကျိုးသက်ရောက်မှုတွေ ရှိနေတဲ့ Chat GPT အကြောင်းကို စူးစမ်းလေ့လာကြည့်ကြရအောင်။

ChatGPT ကို လေ့လာနိုင်ဖို့ရာအတွက် သူ့ရဲ့ မူလအစဖြစ်တဲ့ GPT (Generative Pre-trained Transformer) ကတဆင့် ခြေရာခံကြည့်ဖို့ လိုပါတယ်။ GPT ကို ဖန်တီးစဉ်အစပိုင်းအချိန်တွေကတော့ ဘာသာစကား သင်ယူခြင်းနယ်ပယ်ရဲ့ Text Completion Tasks တွေ အတွက် ရည်ရွယ် ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ ယခုအချိန်မှာတော့ GPT ဟာ သူ့ရဲ့ Language Model က ဘယ်လိုလဲဆိုရင် စုံစမ်းမေးမြန်းလာတဲ့ မေးခွန်းတွေကို နားလည်ပြီး သဘာဝကျကျ ပြန်လည်ဖြေနိုင်ဖို့ကို သင်ယူလေ့လာထားတဲ့ Machine ကို အသုံးပြု ထားတာ ဖြစ်ပါတယ်။  ဒီLanguage Model ရဲ့စွမ်းရည်ကို တင်စားပြီးပြောရမယ်ဆိုရင်ဖြင့် လူသားတစ်ယောက်လိုချက်ချင်း ပြန်လည်တုံ့ပြန်နိုင်စွမ်းတွေ၊ အပြန်အလှန်စကားပြော ဆိုနိုင်ခြင်းတွေပဲဖြစ်ပါတယ်။ ဒီအခြေခံအုတ်မြစ်ကို အခိုင်အမာ တည်ဆောက်ပြီး နောက်မှာတော့ OpenAI ဟာ ကြိုတင်သတ်မှတ်ထားဖို့ခက်တဲ့ Dynamic Conversion လို အပြန်အလှန် ပြောဆိုမှုပုံစံတွေမှာ ထိတွေ့ပါဝင်နိုင်ဖို့ GPT ရဲ့ စွမ်းရည်တွေကို မြှင့်တင်ခဲ့ပြီး ChatGPT ကို မွေးဖွားပေးခဲ့ကြတယ်။

  ထိုသို့ ဘာသာစကားများ၏ သဘောသဘာဝနားလည်မှုနှင့် လူသား မျိုးဆက်သစ်များ အတွက် ဖြစ်နိုင်ခြေအသစ်များကို OpenAI က ပွင့်ပွင့်လင်းလင်း ချပြပေးမယ် ဆိုတဲ့အတိုင်း လမ်းသစ်ဖွင့်ပေးခဲ့ပြီး၊ Chat GPT ဟာ စကားပြောနိုင်တဲ့ AI နယ်ပယ်ဆီသို့ တွန်းပို့ခဲ့ပြီဆိုတာကို အားလုံး မျက်ဝါးထင်ထင် တွေ့နေရပြီဖြစ်ပါတယ်။

ChatGPTရဲ့ လုပ်နိုင်စွမ်းက ရိုးရှင်းတဲ့ Chatbots တွေထက်ကို သာလွန်နေကြောင်း ပညာရှင်များက အဆိုပြုထားပါတယ်။ ‘‘ဉာဏ်ရည်တုနည်းပညာလောကမှာ အဓိက ထိုးဖောက်မှုကြီး တစ်ခုအနေနဲ့ ChatGPTက ကိုယ်စားပြုနေကြောင်း’’  MIT(Massachusetts Institute of Technology) မှ AI Researcher John Smith ကပြောကြားထားပါတယ်။

ChatGPT ဟာ စာသားတွေနှင့် မေးခွန်းတွေကိုနားလည်တဲ့ Powerful Language Model တစ်ခု ဖြစ်သော်လည်း တိကျမှန်ကန်ပြီး ပြည့်စုံတဲ့အဖြေတွေကိုတော့ အမြဲတမ်းမပေးနိုင်ပါဘူး။ ဒီ့အပြင် သင်ခန်းစာတစ်ခု (သို့မဟုတ်) စာစီစာကုံးတစ်ပုဒ်ထဲမှာပါတဲ့ စကားစပ်တွေ၊ ခံစားချက်အဓိပ္ပာယ်တွေကို လုံးဝ နားမလည်နိုင်သေးပါဘူး။ ဒါကြောင့် ChatGPT  အနေနဲ့ ကျွမ်းကျင်ပညာရှင်များ၏ အကြံအဉာဏ်၊ လမ်းညွှန်မှုနှင့် တုံ့ပြန်ချက်တွေကို အမြဲတမ်း ရှာဖွေစုဆောင်းနေပြီး၊ တစ်ဖက်မှာလည်း လူသားတို့ မေးမြန်းလာတဲ့အကြောင်းအရာတွေကို အချိန်နှင့် တပြေးညီ Research လုပ်ကာ မှန်ကန်တိကျပြီး Update ဖြစ်အောင် ကြိုးစားထားသည်ဟု သိရှိရပါတယ်။

Inside ChatGPT’s Brain: Large Language Models

AI နှင့်အပြန်အလှန် စကားပြောဆိုရာတွင် မိမိနှင့်ပြောဆိုထားသမျှ အကြောင်းအရာ အားလုံးကို ထိန်းသိမ်းထားနိုင်ခြင်းကလည်း စိန်ခေါ်မှုများစွာထဲမှတစ်ခုပင်ဖြစ်ပါတယ်။ Chat GPT ကို မိမိကိုယ်ကို အာရုံစူးစိုက်မှု ယန္တရားများ (Self-Attention Mechanisms) နှင့် ဆက်စပ်ထည့်သွင်း စဉ်းစား ရမည့် အကြောင်းအရာများ (Contextual Embeddings) ကဲ့သို့သော အဆင့်မြင့်နည်းပညာများ တပ်ဆင်ခြင်းဖြင့် ၎င်းစိန်ခေါ်မှုကို OpenAI က ဖြေရှင်းခဲ့ပါတယ်။ ဒီပြောင်းလဲတိုးတက်မှုများက စကားဝိုင်းတစ်ခုရဲ့ Flow ကို နားလည်ရန်၊ ယခင်အပြန်အလှန်ပြောဆိုမှုများကို မှတ်မိစေရန်နှင့် ဆက်စပ်မှုရှိသော တုံ့ပြန်မှုများကို ဖန်တီး နိုင်စေရန် အတွက် Chat GPTကိုအထောက်အပံ့ကောင်းများပေးနေပါတယ်။

Chat GPT ၏ စွမ်းအားသည် ၎င်း၏ ကျယ်ပြန့်သော အခြေခံအသိပညာဗဟုသုတပေါ်မှာ တည်ရှိနေပါတယ်။ မတူကွဲပြား များပြားလှသော ဒေတာအချက်အလက်များကို ကြိုတင် လေ့ကျင့် ခြင်းဖြင့် Chat GPT သည် အမျိုးမျိုးသော အကြောင်းအရာများနှင့် နယ်ပယ်ကဏ္ဍအသီးသီးကို ကျယ်ပြန့်စွာ နားလည်သဘောပေါက်နေပါတယ်။ ဤအချက်အလက် ကြွယ်ဝမှုများကြောင့် Chat GPT သည် သတင်းအချက်အလက်ဆိုင်ရာ တုံ့ပြန်မှုများ ကို ပေးစွမ်းနိုင်ပြီး ဘာသာရပ်များစွာ၊ ကဏ္ဍများစွာအတွက် ဆွေးနွေးမှုများတွင် ပါဝင်ခွင့်ရရှိနေတာကို တွေ့မြင်နေရပါတယ်။ ၎င်း၏ ပြည့်စုံသော Knowledge Base မှ ထုတ်နုတ်ကောက်ချက်ချ ရယူခြင်းဖြင့် ChatGPT သည် အချက်အလက် ပြန်လည် ရယူခြင်း နှင့် သင်ယူခြင်းအတွက် အဖိုးတန် ကိရိယာတစ်ခု (A Valuable Tool) အဖြစ် ဆောင်ရွက်ပေးနေပါတယ်။

AI နည်းပညာများ တိုးတက်လာသည်နှင့်အမျှ ကျင့်ဝတ်ဆိုင်ရာ ထည့်သွင်းစဉ်းစားရန် လိုအပ်မှုမှာ ပို၍အရေးကြီးလာပါတယ်။ နည်းပညာတစ်ခုတီထွင်ဖန်းတီးပြီးလျှင် အကောင်းနှင့်အဆိုး အမြဲဒွန်တွဲပြီး ပါလာတက်ကြစမြဲပါပဲ။ OpenAI ကလည်း ထိုကိစ္စကို အသိအမှတ်ပြုထည့်သွင်းစဉ်းစားပြီး Chat GPT ၏ တုံ့ပြန်မှုများတွင် ဘက်လိုက်မှုများကို လျော့ပါးသက်သာစေရန်၊ တစ်ဖက်စွန်းမရောက်စေရန် အတွက် တိုင်းတာမှု စံသတ်မှတ်ချက်များကိုလည်း အကောင်အထည် ဖော်ခဲ့ပါတယ်။ စေ့စပ်သေချာစွာ ဒေတာ ရွေးချယ်မှုများ၊ လူသားကိုယ်တိုင် ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းစဉ်များနှင့် ဆက်လက်မွမ်းမံ ပြင်ဆင်မှုများ မှတစ်ဆင့် OpenAI သည် ဘက်လိုက်မှု(Biased) (သို့မဟုတ်) စော်ကားပုတ်ခတ်သည့် စက်ဆုပ်ဖွယ်ရာ ရလဒ်များ (Offensive Outputs)ကို လျှော့ချရန် အကောင်းဆုံးကြိုးစားနေပါတယ်လို့ သိရပါတယ်။

  Chat GPT သည် တရားမျှတပြီး ဘက်မလိုက်ဘဲ အပြန်အလှန် ပြောဆိုဆက်ဆံမှုများ ပေးဆောင်ကာ၊ မတူကွဲပြားသော ရှုထောင့်များအတွက် လေးစားမှု၊ တန်ဖိုးထားမှုများကို ပိုမိုတိုးပွား စေကြောင်း ဒီကြိုးပမ်းမှုများက ပိုမိုခိုင်မာသေချာစေနေပါတယ်။

Chat GPT ၏သက်ရောက်မှုသည် နည်းပညာလိုက်စားသူတို့အတွက်သာမက နယ်ပယ်အမျိုးမျိုးနှင့် လုပ်ငန်းများတွင်ပါ ပျံ့နှံ့နေလျက်ရှိပါတယ်။ AI ဆိုတာ နယ်ပယ်ပေါင်းစုံမှာတော်တော်လေးကိုအသုံးတည့်တဲ့ နည်းပညာတစ်ခုပဲဖြစ်ပါတယ်။ နည်းပညာကဏ္ဍမှာ AI နဲ့ပက်သက်လို့ ကြီမားတဲ့အပြောင်းအလဲတစ်ခုကို ကျွန်တော်တို့ ကြုံနေရပါတယ်။ အဲ့ဒီအပြောင်းအလဲဟာ တော်တော်လေးကို ကြီးမားပြီးတော့ ဘယ်လောက်တောင် ကြီးမားလဲဆိုတာ ခန့်မှန်းလို့မရနိုင်ပါဘူးလို့ ပညာရှင်များက အဆိုပြုထားပါတယ်။ Chat GPT သည် တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ နည်းပညာနှင့်ကျွန်ုပ်တို့ အပြန်အလှန်ဆက်ဆံပုံတို့ကို ပြန်လည်ပုံဖော်ခြင်းနှင့် လူသား-စက်ပိုင်းဆိုင်ရာ စကားပြောဆိုမှုများကို ခေတ်သစ်တစ်ခု အသွင်ပြောင်းလဲခြင်းတွင် ၎င်း၏ Development ကို Application များတွင် သက်သေပြနိုင်ရန်လည်း မျှော်လင့်နိုင်ပါတယ်။ စာသားဖြည့်စွက်ခြင်း(Text Completion)မှ စကားစမြည်ပြောဆိုနိုင်သော ဉာဏ်ရည်တုနည်းပညာ (Conversational AI)အထိ ဆင့်ကဲ ပြောင်းလဲ မှုသည် ဘာသာစကား၏ သဘောသဘာဝ အတိမ်အနက်ကို နားလည်မှုနှင့် မျိုးဆက်သစ်များတွင် ထူးထူးခြားခြားတိုးတက်မှုကို ပြသနေကြောင်းတွေ့ရှိရပါတယ်။ ပိုမိုကောင်းမွန်သော အကြောင်းအရာများကို နားလည်နိုင်မှု၊ ကျယ်ပြန့်သော အခြေခံအသိပညာ ဗဟုသုတများနှင့် ဘက်လိုက်မှုများကို လျော့ပါးစေရန် ဆက်လက်ကြိုးပမ်းမှုများဖြင့် Chat GPT သည် အားကောင်းပြီး ပါဝင်နိုင်သည့် စကားပြောဆိုမှု အတွေ့အကြုံကို ပေးဆောင်နေပါတယ်။ OpenAI သည် Chat GPT ၏စွမ်းရည်များကို ဆက်လက်ပြုပြင်ပြီး မြှင့်တင်ပေးသောကြောင့် AI နှင့် အပြန်အလှန် စကား ပြောဆိုမှုများအတွက် အကန့်အသတ်မရှိသော ဆန်းသစ်တီထွင်မှုကို မြှင့်တင်ပေးပြီး ဒစ်ဂျစ်တယ်ခေတ် တွင် ကျွန်တော်တို့ ပြောဆိုဆက်ဆံပုံကို တစ်မျိုးတစ်မည်ထူးခြားစွာ ပြောင်းလဲစေကြောင်း ရေးသား လိုက်ရပါတယ်။

ရေးသားသူ         : Spectrum (ITCSTC)