Basic Satellite Communications သင်တန်းဖွင့်ပွဲအခမ်းအနား


News Training Center

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) Basic Satellite Communications သင်တန်း၏ သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာလ (၁၁) ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနမှ သင်တန်းကျောင်း ကျောင်းအုပ်၊ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ဗဟိုအစိုးရ အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ စုစုပေါင်းသင်တန်းသား ( ၂၅ )ဦးတို့ တက်ရောက်ကြောင်း သိရှိရပါသည်။

ရှေးဦးစွာ သင်တန်းကျောင်း၊ ကျောင်းအုပ်က ဂြိုဟ်တုဆက်သွယ်ရေးသည် နေရာမရွေး အချိန်နှင့်တပြေးညီ ဆက်သွယ်နိုင်သော စနစ်တစ်ခုဖြစ်ပြီး လက်ရှိဆက်ကြောင်းများ ချို့ယွင်းပျက်စီး၍ အသုံးမပြုနိုင်သည့် အခါမျိုးတွင် ဂြိုဟ်တုဆက်သွယ်ရေးစနစ်ကို လျင်မြန်စွာ တည်ဆောက်ဆက်သွယ်နိုင်ပါကြောင်း၊ ဂြိုဟ်တုနည်းပညာ မြင့်မားလာသည် နှင့်အမျှ ဂြိုဟ်တုစနစ်မှရရှိသော အချက်အလက်များမှာ လျှင်မြန်လာကြကြောင်း၊ ယခုလက်ရှိ နိုင်ငံတကာတွင် အသုံးပြုနေသည့် 5G စနစ်သည်လည်း ဂြိုဟ်တုဆက်သွယ်ရေးနဲ့ တွဲဖက်အသုံးပြုရကြောင်း ၊ မြန်မာနိုင်ငံတွင်လည်း နိုင်ငံပိုင် ဂြိုဟ်တုစနစ် တည်ထောင်ရေး ဦးဆောင်ကော်မတီလမ်းညွှန်ချက်ဖြင့်  MyanmarSat 1 ဂြိုဟ်တုကို ၂၀၁၆ ခုနှစ် ဇွန်လမှစတင် တည်ထောင်ခဲ့ပြီးဖြစ်ကြောင်းနှင့် ဆက်လက်ပြီး ပိုမို လွှင့်အား ဖမ်းအား ကောင်းမွန်သည့် MyanmarSat2 ဂြိုဟ်တုအား ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်မှ စတင်အသုံးပြုနိုင်ခဲ့ပါကြောင်း ပြောကြားခဲ့ပါသည်။

ဂြိုဟ်တုဆက်သွယ်ရေးကို အသုံးချပြီး ဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့အသီးသီးမှ လုပ်ငန်းစဥ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်စေရန် ဂြိုဟ်တုဆက်သွယ်ရေး အင်ဂျင်နီယာချုပ်၊ ဒုတိယအင်ဂျင်နီယာချုပ်များမှ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း ၊ သင်တန်းကာလမှာ ရက်သတ္တပတ် (၁)ပတ် ကြာ ဖွင့်လှစ်သင်ကြားမည် ဖြစ်ကြောင်းသိရှိရပါသည်။

သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် အစိုးရအဖွဲ့အစည်း များ/ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရပါသည်။