
Hackathon ဆိုတာ “Hack” နည်းပညာဆိုင်ရာဖန်တီးမှု နှင့် “Marathon” အချိန်ကြာရှည်သောပြိုင်ပွဲ ဒီဝေါဟာရနှစ်ခုကို ပေါင်းစပ်ထားတဲ့ စကားလုံးဖြစ်ပြီး အထူးသဖြင့် Software Development ၊ Application Development ၊ Coding စတဲ့ နည်းပညာဆိုင်ရာ Project တွေနဲ့ ပတ်သက်တဲ့ ဖန်တီးတီထွင်မှုများ ပြုလုပ်ကြခြင်း ဖြစ်ပါတယ်။
AI Tinkerers သည် နည်းပညာဖန်တီးသူများ၊ အင်ဂျင်နီယာများနှင့် ကုမ္ပဏီများ ပူးပေါင်းကာ AI နည်းပညာများကို တိုးတက်ကောင်းမွန်စေခြင်း၊ လူမှုဘဝ ပိုမိုလွယ်ကူအောင် လုပ်ဆောင်နိုင်ရန် ရည်ရွယ်ပြီး ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်သည့်အားလျော်စွာ နည်းပညာပြသပွဲများ၊ Hackathon ပြိုင်ပွဲများ မကြာခဏ ကျင်းပပေးလေ့ရှိပါတယ်။ AI Tinkerers က ဦးဆောင်၍ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်၏ ပင်လယ်ဆိပ်ကမ်းမြို့တော် Seattle မှာ “Humans-in-the-Loop” ဆိုတဲ့ Hackathon ပြိုင်ပွဲတစ်ခုကို လူနှင့် AI ဘယ်လောက်အထိ ပေါင်းစပ်နိုင်သလဲ ဆိုတာအပေါ် နည်းပညာရှင်များအား ဖိတ်ခေါ်ယှဉ်ပြိုင်စေခဲ့ပါတယ်။
Hackathon ပြိုင်ပွဲတွေဟာ အများအားဖြင့် ၂၄ နာရီ၊ ၄၈ နာရီ၊ တစ်ခါတစ်လေမှာဆိုရင် တစ်ပတ်ကြာအထိ ပြုလုပ်ကြလေ့ရှိပါတယ်။ Hackathon မှာ အများအားဖြင့် ပရိုဂရမ်မာများ၊ ဒီဇိုင်နာများ၊ ကွန်ပျူတာလေ့လာရေးပညာရှင်များ၊ စီးပွားရေးပညာရှင်များ စတဲ့ ကွန်ပျူတာနည်းပညာနှင့် စပ်လျဉ်းတဲ့လူတွေ အဖွဲ့လိုက်စုပေါင်းပြီး သတ်မှတ်ချိန်အတွင်း Project တစ်ခုကို ဖန်တီးရတာပဲ ဖြစ်ပါတယ်။ ဒီ Project တွေမှာ ပြဿနာတစ်ခုကို ဖြေရှင်းဖို့ စွမ်းဆောင်ကြရပြီး ဆော့ဖ်ဝဲအသစ်၊ ကွန်ပျူတာကိရိယာအသစ်များအထိ ဖန်တီးပြီး ယှဉ်ပြိုင်လေ့ရှိကြပါတယ်။
ဒီပွဲကို Seattle’s Capitol Hill ရှိ Foundations space မှာ ကျင်းပခဲ့ပြီး Microsoft ၊ Amazon ၊ Google တို့ရဲ့ အင်ဂျင်နီယာတွေအပြင် နိုင်ငံတစ်ဝှမ်းရှိ နည်းပညာကုမ္ပဏီအများအပြားလည်း ပါဝင်ခဲ့ကြပါတယ်။ ထိပ်တန်း OpenAI ကုမ္ပဏီတွေဖြစ်ကြတဲ့ Anthropic နဲ့ CopilotKit တို့ကလည်း ဒီပွဲကို အထောက်အပံ့ ပေးခဲ့ပါတယ်။
အဆိုပါပြိုင်ပွဲတွင် MetabolixAI ဆိုတဲ့ ပရောဂျက်ဟာ လူတစ်ဦးချင်းစီအတွက် အစားအသောက် အကြံဉာဏ်နဲ့ မီနူးစီစဉ်မှုကို ပိုမိုကိုက်ညီအောင် ဖန်တီးပေးနိုင်တဲ့ AI နည်းပညာ ဖန်တီးမှုအတွက် ပထမဆု ရရှိခဲ့ပါတယ်။ ဒီ AI စနစ်ဟာ လူတစ်ယောက်ရဲ့ Glucose Meter ကနေ အချက်အလက်တွေဖတ်ပြီး ထိုလူရဲ့ ကျန်းမာရေး လိုအပ်ချက်တွေအပေါ် အစားအသောက်မီနူးကို စီစဉ်ပေးတာပဲဖြစ်ပါတယ်။ ခင်းကျင်းထားတဲ့ အစားအသောက် ဓာတ်ပုံမှတဆင့် အာဟာရ အကြံပြုချက်တွေ ဖန်တီးပေးနိုင်တဲ့ စနစ်လည်းပါဝင်ပါတယ်။ အဆိုပါဆုအတွက် USD 15000$ ဝန်းကျင် သတ်မှတ်ပေးအပ်ခဲ့ကြောင်း သိရှိရပါတယ်။ ဒုတိယဆု ရရှိခဲ့တဲ့ AI DevRel Project ဟာ Online Forum တွေထဲက ဆွေးနွေးချက်တွေ ကတဆင့် Developer Tool တွေအတွက် လိုအပ်ချက်တွေကို စစ်ထုတ်ရှာပေးနိုင်တဲ့အပြင် လိုအပ်ချက်အပေါ် အလိုလျောက် အကဲဖြတ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒီအကြံဉာဏ်ဟာ Developer တွေအနေနဲ့ ဆက်စပ်သက်ဆိုင်တဲ့ Online ပေါ်က ဆွေးနွေးချက် ရှာဖွေနိုင်စွမ်းကို တိုးမြှင့်ပေးပြီး Quality Control ပိုင်းအတွက် အထောက်အကူဖြစ်စေနိုင်ရုံသာမက Developer အချင်းချင်း ချိတ်ဆက်မှုအားကောင်းပြီး ရလဒ်ကောင်းတွေ ရရှိလာမယ်လို့ ဆိုပါတယ်။
www.geekwire.com မှတဆင့် ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်
ဘာသာပြန်ဆိုသူ: Hlaing Myo Kyaw