Advanced Networking II ၊ PHP Programming ၊ Linux Foundation နှင့် Microsoft Office Excel 2019 (Online) သင်တန်းများ၏ သင်တန်းဆင်းပွဲအခမ်းအနား


News Training Center

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ လေ့ကျင့်သင်ကြားရေးနှစ်အတွင်း Advanced Networking II (၀၂၀၇/၀၂/၂၄-၂၅) သင်တန်း၊ PHP Programming (၀၃၀၅/၀၁/၂၄-၂၅) သင်တန်း ၊  Linux Foundation (၀၄၀၁/၀၁/၂၄-၂၅) သင်တန်း နှင့် Microsoft Office Excel 2019 (Online) (၀၄၀၅/၀၂/၂၄-၂၅) သင်တန်းများ၏ သင်တန်းဆင်းပွဲကို အောက်တိုဘာလ (၁၁)ရက် နေ့ ညနေပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေးနှင့် တကွ ဌာနအကြီးအကဲများ၊ ဆရာ/ဆရာမ များ၊ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးမှ သင်တန်းသား/ သင်တန်းသူများ စုစုပေါင်း ၁၀၀ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သင်တန်းဆင်းပွဲတွင် သင်တန်းကျောင်း ကျောင်းအုပ်မှ သင်တန်းဆင်းအမှာစကား ပြောကြားရာ ၂၁ရာစု နည်းပညာသစ်များနှင့် အတူ ဒစ်ဂျစ်တယ်ပလက်ဖောင်းများ တည်ဆောက်ရေး၊ ဒစ်ဂျစ်တယ်စီးပွား‌ရေး တိုးတက်ရေးလုပ်ငန်းတွေကို မြှင့်တင်ပေးနိုင်မည့် နည်းလမ်းများ၊ 4th Industrial Revolution ကို ကူးပြောင်းရာတွင် ကြုံတွေ့နိုင်မည့် နည်းပညာနှင့် အုပ်ချုပ်မှုဆိုင်ရာ စိန်ခေါ်မှုများကို လိုက်ပါဆောင်ရွက်နိုင်ဖို့အတွက် ICT ကျွမ်းကျင်ပြီး စွမ်းဆောင်ရည်ပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍကို မြှင့်တင်ပေးဖို့  လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

e-Government စနစ်မှသည် Digital Government စနစ်သို့ အောင်မြင်စွာ တိုးတက်အောင် လုပ်ဆောင်နိုင်စေရန် ဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့အစည်း အသီးသီးမှ နိုင်ငံ့ဝန်ထမ်းများ၏ Capacity (စွမ်းရည်) တိုးမြှင့်ခြင်းနှင့် Capability (စွမ်းဆောင်ရည်) တိုးတက်အောင် လေ့ကျင့်ဆောင်ရွက်ခြင်းဖြင့်  ဘက်စုံဖွံ့ဖြိုး တိုးတက်သော နိုင်ငံ့ဝန်ထမ်းများ ဖြစ်အောင် လေ့လာသင်ယူရင်း  နိုင်ငံတော်နှင့် ပြည်သူက အားထားရသည့် ဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး သင်တန်းကျောင်း ကျောင်းအုပ်မှ သင်တန်းဆင်းလက်မှတ်များနှင့်  Advanced Networking II ၊ PHP Programming ၊ Linux Foundation နှင့် Microsoft Office Excel 2019 (Online) သင်တန်းအသီးသီးတွင် ထူးချွန်စွာအောင်မြင်ခဲ့သော သင်တန်းသား/ သင်တန်းသူများအား ထူးချွန်ဆုများ ချီးမြှင်ခဲ့ပါသည်။ ထို့နောက် သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ (၄:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။