ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) Basic Networking နှင့် (ဒုတိယအကြိမ်) Windows Server Administration II သင်တန်းများ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီလ ၃၁ ရက်နေ့ နေ့လည်ပိုင်းတွင် ရုံးအမှတ် ၂ ၊ စုပေါင်းခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ/ ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးမှ သင်တန်းသား/ သင်တန်းသူ ၄၈ ဦး တက်ရောက်ခဲ့ပါသည်။
သင်တန်းကျောင်း ကျောင်းအုပ်မှ သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် ယနေ့ကမ္ဘာသည် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် ကဏ္ဍများမှာ ခေတ်မီနည်းပညာများကို အသုံးပြုသည့် AI Revolution ခေတ်ကို ရောက်ရှိလာနေပြီ ဖြစ်ပါကြောင်း၊ နည်းပညာသည် အရှိန်အဟုန်ဖြင့် အလျင်အမြန် တိုးတက်လာနေပြီ ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နောက်ဆုံးပေါ် နည်းပညာများကို ရင်းနှီးကျွမ်းကျင်အောင် လေ့လာရန် လိုအပ်လာသလို လုပ်ငန်းခွင် အတွက်လည်း မဖြစ်မနေကျွမ်းကျင်မှုများ လိုအပ်နေပြီဖြစ်ကြောင်းနှင့် ဖွင့်လှစ်ပို့ချပေးခဲ့သည့် သင်တန်းများသည် ဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် သိသင့်သိထိုက်သည့် ပြန်လည် အသုံးချရမည့် နည်းပညာများ ဖြစ်ကြောင်း ပြောကြားခဲပါသည်။
ထို့နောက် သင်တန်းသား/ သင်တန်းသူများမှ အကဲဖြတ်ပုံစံ (Evaluation Form) တွင်တင်ပြလာသော အကြုံပြုချက်များနှင့် သုံးသပ်ချက်များအပေါ် ပြန်လည် ရှင်းလင်း ပြောကြားခဲ့ ပါသည်။ ဆက်လက်ပြီး ကျောင်းအုပ်မှ သင်တန်းဆင်း အောင်လက်မှတ်များ ချီးမြှင့်ခြင်းနှင့် သင်တန်းအသီးသီးတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် သင်တန်းသား/ သင်တန်းသူများအား ထူးချွန်ဆုများ အသီးသီး ချီးမြှင့်ကာ သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ ၄ နာရီ တွင် ရုပ်သိမ်းခဲ့ပါသည်။