Basic Networking နှင့် Cloud Administration Essentials သင်တန်းများ၏ သင်တန်းဖွင့်ပွဲ အခမ်းအနား


သတင်းများ Training Center

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်အတွင်း (ဒုတိယအကြိမ်) Basic Networking သင်တန်းနှင့် (ပထမအကြိမ်) Cloud Administration Essentials သင်တန်းများ၏ သင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် ၂ ၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ပူးတွဲတာဝန်) ဦးဆန်းဝင်းထွန်း၊ သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး နှင့်တကွ ဌာနအသီးသီးမှ အကြီးအကဲများ၊ သင်တန်းဆရာ/ ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စု ဝန်ကြီးဌာနများမှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း ၆၄ ဦး တို့ တက်ရောက်ကြောင်း သိရှိရပါသည်။

ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်က ယနေ့ဖွင့်လှစ်သည့် သင်တန်းများ၏  အဓိကရည်ရွယ်ချက်များသည် လူ့အဖွဲ့အစည်းဖွဲ့ဖြိုးတိုးတက်မှုတွင် အရေးကြီးသည့် နိုင်ငံ့ဝန်ထမ်းများ၏ တွေးခေါ်မှုပိုင်းဆိုင်ရာများ၊ အရည်အသွေးတိုးတက်မှုဆိုင်ရာများကို ထိန်းကျောင်း လေ့ကျင့်ပေးရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပထမသင်တန်းဖြစ်သည့် Basic Networking သင်တန်းသည် ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံများ တည်ဆောက်နိုင်ဖို့အတွက် အခြေခံအုတ်မြစ်တစ်ခု ဖြစ်သည့် ကွန်ရက်ချိတ်ဆက်ခြင်း နည်းပညာကို သိရှိနားလည်စေရန် သင်ကြား ပို့ချပေးခြင်း ဖြစ်ကြောင်း၊ အခြေခံကွန်ပျူတာကွန်ရက်နည်းပညာများ၊ ကွန်ရက်များ ချိတ်ဆက်ခြင်းနှင့် အခြေခံ Switching/ Routing နည်းပညာများ၊ ကွန်ရက်များချိတ်ဆက်ရာတွင် Physical နှင့် Logical နည်းများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

ဒုတိယသင်တန်းဖြစ်သည့် Cloud Administration Essentials သင်တန်းသည် Cloud Computing ၏ အခြေခံသဘောတရားများ၊ Virtualization နည်းပညာများ၊ Cloud Architecture များ၊ Cloud အမျိုးအစားများ၊ Cloud Service Model များ အကြောင်းကို သိရှိနားလည်ပြီး Open Source Platform အသုံးပြု၍ Private Cloud တည်ဆောက်ခြင်းနှင့် လုပ်ငန်းအလိုက် အသုံးပြုရမည့် Cloud Deployment နည်းလမ်းများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမှာ ဖြစ်ကြောင်း သိရှိရပါသည်။

Basic Networking နှင့် Cloud Administration Essentials သင်တန်းများသည် သင်တန်းကာလအနေဖြင့် ရက်သတ္တပတ် ၃ပတ် ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်းသည် အစိုးရအဖွဲ့အစည်းများ/ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရပါသည်။