Digital Office Skill Essentials နှင့် Python Programming Essentials သင်တန်းများ ဖွင့်ပွဲအခမ်းအနား


သတင်းများ Training Center

ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးသင်တန်းကျောင်း၏ ၂၀၂၆-၂၀၂၇  ဘဏ္ဍာရေးနှစ်အတွင်း Digital Office Skill Essentials နှင့် Python Programming Essentials သင်တန်းများ၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို မေလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် ၂ ၊ စာသင်ခန်းမ ၁ တွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆန်းဝင်းထွန်း၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ/ ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ နှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း ၅၇ ဦး တက်ရောက်ကြသည်။

ဦးစွာ ညွှန်ကြားရေးမှူးချုပ်က ဒီဂျစ်တယ်အသွင် ကူးပြောင်းခြင်းလုပ်ငန်း အစီအမံများ တွင် ရုံးလုပ်ငန်းများ၊ ရုံးလုပ်ငန်းဆိုင်ရာ အချက်အလက်များအား ICT အသုံးချ ဆောင်ရွက်နိုင်မှု သည် အခြေခံအကျဆုံး အစိတ်အပိုင်းတစ်ခုဖြစ်သည့်အလျောက် အစိုးရဌာန၊ အဖွဲ့အစည်းများရှိ နိုင်ငံ့ဝန်ထမ်းများအားလုံး ICT အခြေခံ ကျွမ်းကျင်မှုရှိရန် အထူး လိုအပ်ကြောင်း၊ မိမိတို့ဌာနများရှိ Website နှင့် Application Software များကို ကိုယ်တိုင်ရေးသား ဖန်တီးမှုများ ပြုလုပ်နိုင်စေရန်နှင့် ဌာနဆိုင်ရာ Website များ၊ Application များကို သေချာစွာ  ကိုင်တွယ် ထိန်းသိမ်းအသုံးပြုနိုင်စေဖို့ လိုအပ်သည့်နည်းပညာ ကျွမ်းကျင်မှုများရှိရန်လည်း လိုအပ်ပါကြောင်း မှာကြားသည်။

ယနေ့ဖွင့်လှစ်သည့် Digital Office Skill Essentials နှင့် Python Programming Essentials သင်တန်းများ၏ သင်တန်းကာလမှာ ရက်သတ္တပတ် ၃ ပတ်ကြာ မေလ ၁၈ ရက်မှ ဇွန်လ ၅ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း  သိရှိရပါသည်။