Cloud Computing အကြောင်းတစေ့တစောင်း


Blogs

Cloud Computing ဆိုသည်မှာ

ယနေ့ကမ္ဘာကြီးမှာ နည်းပညာတွေ တိုးတက်လာသည်နှင့်အမျှ Conventional Data Center အသုံးပြုမှုတွေ လျော့ကျလာပြီး Cloud Service Provider တွေထံမှ Service တွေကို Pay-as-you-go (သုံးသလောက်ပေး) Service တွေအနေနဲ့အသုံးပြုမှုတွေ ပိုမိုများပြားလာပါတယ်။ ထိုကြောင့် ပထမဦးစွာ Cloud Computing အကြောင်းကို အရင်ဆုံးရှင်းပြချင်ပါတယ်။ Cloud Computing လို့ဆိုလိုက်တာနဲ့ အရိုးအရှင်းဆုံး ပြောရမယ်ဆိုရင်တော့ Cloud နဲ့ Computing ပေါင်းစပ်ထားတာပါ။ Cloud ဆိုတာက နည်းပညာနယ်ပယ်မှာ အင်တာနက်ကို ရည်ညွှန်းပါတယ်။ ရုပ်ပိုင်းဆိုင်ရာအားဖြင့် မြင်တွေ့လို့မရတဲ့၊ ဝေးလံတဲ့ နေရာတွေမှာ တည်ရှိနေတဲ့ Servers (ဆာဗာများ)၊ Storage (သိုလှောင်မှုစနစ်များ)၊ Databases (ဒေတာဘေ့စ်များ)၊ Networking (ကွန်ရက်များ)၊ Software (ဆော့ဖ်ဝဲများ) စတဲ့ IT အရင်းအမြစ်တွေရဲ့ ကြီးမားတဲ့ ကွန်ရက်ကြီးတစ်ခုလုံး ကို စုပေါင်းပြီး “Cloud” လို့ ခေါ်ဆိုပါတယ်။ Computing ဆိုတာကတော့ ဒီ Cloud (အင်တာနက်ပေါ်က အရင်းအမြစ်များ) ကို အသုံးပြုပြီး နည်းပညာပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်တာကို ဆိုလိုပါတယ်။ မိမိရဲ့ကွန်ပျူတာမှာပဲ Install လုပ်ပြီး သုံးစရာမလိုဘဲ Cloud ပေါ်မှာရှိတဲ့ Processor ၊ Memory ၊ Storage တွေနဲ့ Applications တွေကို အသုံးပြုပြီး အလုပ်တွေ လုပ်ဆောင်တာ၊ ဒေတာတွေကို စီမံခန့်ခွဲတာ၊ Software တွေ လည်ပတ်တာ စတာတွေအားလုံး ပါဝင်ပါတယ်။

Cloud Computing ၏ အကျိုးကျေးဇူးများ

ဆက်လက်ပြီးတော့ Cloud Computing ကို အသုံးပြုခြင်းအားဖြင့် ရရှိနိုင်မဲ့အကျိုးကျေးဇူးတွေကို ပြောပြပေးချင်ပါတယ်။ ဥပမာဆိုကြပါစို့ Website တစ်ခုကိုစတင်လွှင့်တင်ချင်တယ်ဆိုရင် ၎င်း Website ကို Hosting ထားရှိရမဲ့ Server တစ်ခုရှိရပါမယ်။ Website ကို Public မှ ခေါ်ဆိုနိုင်ရန် Public IP လည်းရှိရပါမယ်။ Network ပိုင်းကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ Conventional Data Center တွေကို အသုံးပြုမယ်ဆိုရင် Physical Servers တွေ Network Devices တွေ ဝယ်ယူရမယ်။ ၎င်း Data Center မှာ အသုံးပြုမဲ့ Internet Bandwidth တွေကိုလည်းထည့်သွင်း စဉ်းစားရမယ်။ Physical Servers တွေပေါ်မှာ အသုံးပြုမဲ့ Virtualization Software License တွေကိုလည်း ဝယ်ယူရမှာ ဖြစ်ပါတယ်။ ငွေကြေးပိုင်း ဆိုင်ရာမှာလည်း ငွေအမြောက်အမြား သုံးစွဲရမှာ ဖြစ်ပါတယ်။ ရင်းနှီးမြုပ်နှံသူအနေနဲ့လည်း Service တစ်ခု ပေးနိုင်ရန် ငွေကြေးအတိုင်းအတာ တစ်ခုအထိ မြှုပ်နှံထားရမှာ ဖြစ်ပါတယ်။ အကယ်၍ Service Loading များလာ၍ဖြစ်စေ ၊ Performance ပိုမိုကောင်းမွန်လာစေရန်ဖြစ်စေ Servers တွေ Storage Device တွေကို ထပ်မံ ဝယ်ယူတပ်ဆင်မယ်ဆိုရင် အချိန်တိုအတွင်းမှာ ပြုလုပ်နိုင်ရန် ခက်ခဲလှပါတယ်။ ဒါပေမဲ့ Cloud Computing Service တွေကို အသုံးပြုမယ်ဆိုရင်တော့ မိနစ်ပိုင်းအတွင်းမှာပဲ ထိုအရာတွေကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Cloud Computing Service ရဲ့ အဓိကအားသာချက်တွေကတော့ ကုန်ကျစရိတ်သက်သာမှု၊ Service Resource တွေကို လျင်မြန်စွာ Scale Up ၊ Scale Down ပြုလုပ်နိုင်မှု၊ အင်တာနက် ရရှိသည့် နေရာတိုင်းမှ လွယ်ကူစွာ ချိတ်ဆက် သုံးစွဲနိုင်မှု၊ လုံခြုံရေးမြင့်မားမှုတို့ဖြစ်ပါတယ်။

Cloud Deployment Model များ

Cloud Deployment Model ဆိုသည်မှာ Cloud Computing ဝန်ဆောင်မှုများကို မည်သို့ တည်ဆောက်ထားသည်၊ မည်သည့်နေရာတွင်ထားရှိသည်၊ မည်သူက စီမံခန့်ခွဲသည်၊ မည်သို့အသုံးပြုနိုင်သည် စသည်တို့ကို သတ်မှတ်ပေးသည့် Framework (သို့မဟုတ်) ပုံစံတစ်ခု ဖြစ်ပါတယ်။ Cloud Computing Service တွေကို အသုံးပြုမယ်တော့ဆိုရင် အသုံးပြုလိုသည့် ရည်ရွယ်ချက်ပေါ် မူတည်၍ Cloud Deployment Model များကိုရွေးချယ်ရမှာ ဖြစ်ပါတယ်။ အဓိက Cloud Deployment Model များမှာ Public Cloud ၊ Private Cloud နှင့် Hybrid Cloud တို့ဖြစ်ပါတယ်။

Public Cloud

Public Cloud ဆိုသည်မှာ Cloud Service Provider တွေ တည်ဆောက်ပေးထားတဲ့ Network ၊ Application ၊ Storage စသည့် Computing Resource များကို အင်တာနက်မှတစ်ဆင့် မည်သူမဆို အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားတဲ့ Cloud အမျိုးအစား တစ်ခုဖြစ်ပါတယ်။ ယခုလက်ရှိ နည်းပညာ လောကတွင် အသုံးများသော Public Cloud များမှာ Amazon Web Services (AWS) ၊ Microsoft Azure နှင့် Google Cloud Platform (GCP) တို့ဖြစ်ပါတယ်။ Public Cloud ဖြစ်သည့်အတွက် Cloud Service Provider များမှ ထောက်ပံ့ပေးထားသော Computing Resource များကို သုံးစွဲသူများအကြား ဝေမျှသုံးစွဲရသည့် ပုံစံမျိုး ဖြစ်ပြီးတော့ တစ်ဦးနဲ့တစ်ဦး သီးသန့်အသုံးပြုနိုင်ရန် Isolate ပြုလုပ်ပေးထားခြင်းဖြစ်ပါတယ်။ ကုန်ကျစရိတ် သက်သာမှု၊ ဝင်ရောက်ရလွယ်ကူမှု နှင့် မိမိတို့ လိုအပ်ချက်များအပေါ် အခြေခံ၍ Resource များကို အလွယ် တကူ ချိန်ညှိနိုင်မှုတို့ကြောင့် Public Cloud များကို အသုံးများ လာကြခြင်း ဖြစ်ပါတယ်။

Private Cloud

Private Cloud ဆိုသည်မှာ လုပ်ငန်းတစ်ခု (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုတည်းအတွက် သီးသန့် တည်ဆောက်ထားသော Cloud ပုံစံဖြစ်ပါတယ်။ ၎င်းကို မိမိကိုယ်တိုင် စီမံခန့်ခွဲနိုင်သလို၊ ပြင်ပ Third-party Provider ကလည်း စီမံခန့်ခွဲ ပေးနိုင်ပါတယ်။ Private Cloud တွေကို မိမိတို့ကိုယ်ပိုင် Data Center များ (သို့မဟုတ်) Third-party Provider တွေမှ ထောက်ပံ့ပေးထားသော နေရာများတွင် တည်ဆောက်နိုင်ပါတယ်။ Private Cloud တည်ဆောက် အသုံးပြုခြင်းအားဖြင့် Data Center ကို သီးသန့်ထိန်းချုပ်နိုင်ခြင်း၊ Security Policies များကို လိုသလို ချမှတ်နိုင်ခြင်း စတဲ့ အားသာချက်များ ရှိပါတယ်။ အထူးသဖြင့် Private Cloud ဟာ အစိုးရဌာနများနှင့် Data Security ကို အလေးထားသည့် အဖွဲ့အစည်းများအတွက် Data Security ပိုင်းကို ပိုမိုထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

Hybrid Cloud

Public Cloud နှင့် Private Cloud ကို ပေါင်းစပ်အသုံးပြုခြင်းဖြစ်ပြီး အသုံးပြုသည့် Workload များအလိုက် Flexible Deployment ပြုလုပ်နိုင်ပါတယ်။ Hybrid Cloud ကိုအသုံးပြုခြင်းအားဖြင့် မိမိအသုံးပြု လိုသော ဝန်ဆောင်မှုများအတွက် အကောင်းဆုံးလုပ်ဆောင်ချက်များကို ရွေးချယ်နိုင်ပြီး နှစ်ခုစလုံးမှ အကျိုး ကျေးဇူးများ ရရှိနိုင်စေပါတယ်။ ဥပမာအားဖြင့် Sensitive Data တွေထားရှိတဲ့ Database Server များကို Private Cloud တွင်ထားရှိပြီး အခြားသော Website များ၊ Application များကို Public Cloud တွင်ထားရှိ၍ အသုံးပြုခြင်းမျိုး ဖြစ်ပါတယ်။

Cloud Service Model များ

Cloud Computing အရင်းအမြစ်များကို Cloud Service Provider နှင့် End User များအကြား မည်ကဲ့သို့ ထောက်ပံ့ပေးမည်၊ မည်သည့်အစိတ်အပိုင်းကို မည်သူက စီမံဆောင်ရွက်မည်အစရှိသည်တို့ကို Cloud Service Model များဖြင့် သတ်မှတ်ဖော်ပြထားပါတယ်။ အဓိက Service Model သုံးမျိုးမှာ Infrastructure as a Service (IaaS)၊ Platform as a Service (PaaS) နှင့် Software as a Service (SaaS) တို့ဖြစ်ပါတယ်။ Service Model တစ်ခုချင်းစီသည် သုံးစွဲသူများအတွက် မတူညီသော ထိန်းချုပ်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ တာဝန်များကို ပေးစွမ်းနိုင်ပါတယ်။

Infrastructure as a Service (IaaS)

IaaS သည် Cloud Computing ၏ အခြေခံအကျဆုံး ဝန်ဆောင်မှု ပုံစံတစ်ခု ဖြစ်ပါတယ်။ မိမိ လုပ်ငန်းအတွက် လိုအပ်တဲ့ အခြေခံ IT Infrastructure တွေကို ကိုယ်တိုင် ဝယ်ယူတပ်ဆင်၊ ထိန်းသိမ်းစရာ မလိုဘဲ Cloud Service Provider တွေထံမှ အင်တာနက်မှတစ်ဆင့် ငှားရမ်း အသုံးပြုခြင်း ဖြစ်ပါတယ်။ IaaS မှာ အဓိကအားဖြင့် Virtual ပြုလုပ်ထားသည့် Computing Resource များ (ဥပမာ – Virtual Server များ၊ Storage များ၊ Network များ) ကို ဝန်ဆောင်မှုပေးပါတယ်။ End-user အနေဖြင့် အဆိုပါ Virtual Computing Resource များကို  အင်တာနက်မှ တစ်ဆင့် ဝင်ရောက်အသုံးပြု၍ မိမိစိတ်ကြိုက် System များကို ကိုယ်တိုင် လွယ်ကူ လျင်မြန်စွာ တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ မိမိကိုယ်တိုင် တည်ဆောက်ထားတဲ့ System တွေ အပေါ်မှာ အသုံးပြုမည့် Operating System တွေ၊ Application တွေ၊ Data တွေကို End-user တွေ ကိုယ်တိုင် ထည့်သွင်းစီမံရမှာ ဖြစ်ပါတယ်။ Computing Resource တွေကို လိုအပ်သလို တိုးချဲ့တာ (Scale Up) သို့မဟုတ် လျှော့ချတာ (Scale Down) ကိုလည်း ပြုလုပ်နိုင်ပါတယ်။ အသုံးပြုသလောက်ပေး (Pay-as-you-go) ပုံစံနဲ့ပဲ ပေးချေရတဲ့အတွက် ကုန်ကျစရိတ် သက်သာစေပါတယ်။

Platform as a Service (PaaS)

PaaS အနေဖြင့် အသုံးပြုမယ်ဆိုလျှင် Application တည်ဆောက်ဖို့အတွက် လုပ်ဆောင်နိုင်သော Platform တစ်ခုကို Cloud Service Provider မှ အဆင်သင့်အသုံးပြုနိုင်သည်အထိ ထောက်ပံ့ပေးမှာဖြစ်ပြီး End-user မှ မိမိအသုံးပြုလိုသည့် Application Code နှင့် Data များကိုသာ စီမံခန့်ခွဲရန် လိုအပ်မှာဖြစ်ပါတယ်။ PaaS Model ကို အသုံးပြုခြင်းအားဖြင့် Developer များသည် Software/Application များ တည်ဆောက်ရန် လိုအပ်သော Environment (Runtime, Middleware, OS, Database, Web Server) ကို မိမိကိုယ်တိုင် တပ်ဆင်စရာမလိုဘဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Software as a Service (SaaS)

SaaS Service Model သည် End-user များအတွက် Cloud ပေါ်ရှိ အသင့်သုံးနိုင်သော Software များကို Browser သို့မဟုတ် သက်ဆိုင်ရာ Application များမှတစ်ဆင့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Software ၏ အခြေခံ အဆောက်အအုံများ၊ လုံခြုံရေးဆိုင်ရာများနှင့် ပြုပြင်ထိန်းသိမ်းမှုများကို SaaS Provider များမှ စီမံခန့်ခွဲမှာ ဖြစ်ပါတယ်။ ဥပမာအနေဖြင့် ပြောရမယ်ဆိုရင် Gmail ၊ Zoom နှင့် Canva တို့လိုမျိုး Application များဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ခြုံငုံသုံးသပ်ရမယ်ဆိုရင် Cloud Computing ဟာ ယနေ့ဒစ်ဂျစ်တယ်ခေတ်မှာ လုပ်ငန်းတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ နည်းပညာတစ်ခု ဖြစ်လာနေပြီ ဖြစ်ပါတယ်။ Cloud Computing ရဲ့ ပြောင်းလဲနိုင်စွမ်း (Flexibility)၊ ချဲ့ထွင်နိုင်စွမ်း (Scalability) နဲ့ ကုန်ကျစရိတ်သက်သာမှု (Cost-effectiveness) တွေဟာ Conventional IT စနစ်တွေရဲ့ ကန့်သတ်ချက်တွေကို ကျော်လွှားပြီး ပိုမိုမြန်ဆန်တဲ့ တိုးတက်မှုတွေကို ဖော်ဆောင်ပေးနိုင်ပါတယ်။ Public ၊ Private ၊ Hybrid စတဲ့ Deployment Model တွေဟာ လုပ်ငန်းတွေရဲ့ လုံခြုံရေး၊ ထိန်းချုပ်မှုနဲ့ ကုန်ကျစရိတ် လိုအပ်ချက်အလိုက် ရွေးချယ်စရာတွေကို ပေးစွမ်းပြီး၊ IaaS ၊ PaaS ၊ SaaS စတဲ့ Service Model တွေကတော့ နည်းပညာအဆင့်အတန်းအလိုက် ရရှိနိုင်တဲ့ ဝန်ဆောင်မှု ပုံစံအမျိုးမျိုးကို ဖော်ပြနေပါတယ်။ ခေတ်မီနည်းပညာတွေရဲ့ မောင်းနှင်အားဖြစ်တဲ့ Cloud Computing ဟာ စီးပွားရေး လုပ်ငန်းတွေ အနေနဲ့ ဆန်းသစ်တီထွင်မှုတွေ ပြုလုပ်ဖို့၊ စစ်မှန်တဲ့ စီးပွားရေး တန်ဖိုးတွေကို ဖန်တီးဖို့နဲ့ ယှဉ်ပြိုင်မှု ပြင်းထန်တဲ့ ဈေးကွက်ထဲမှာ အောင်မြင်စွာ ရပ်တည်နိုင်ဖို့အတွက် အခွင့်အလမ်းကောင်းတွေကို ဖန်တီးပေးနေပါတယ်။ ဒါကြောင့် Cloud Computing ကို သေချာနားလည်ပြီး ထိရောက်စွာ အသုံးချနိုင်ခြင်းဟာ အနာဂတ်အတွက် မရှိမဖြစ် လိုအပ်တဲ့ စွမ်းရည်တစ်ခု ဖြစ်ပါကြောင်း မျှဝေလိုက်ပါတယ်။

ရေးသားသူ – မီ