





ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးမှ CIO/ACIO များနှင့် e-Government စီမံကိန်းလုပ်ငန်းများတွင်ဦးဆောင်၍ တာဝန်ယူဆောင်ရွက်နေသည့် အရာထမ်းများ၊ အိုင်တီပညာရှင်များ နည်းပညာနှင့် လုပ်ငန်းစွမ်းဆောင်ရည်များ ပိုမိုမြင့်မားစေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း မှ Data Analytics and Power BI သင်တန်း၊ Open Data and Data Analytics သင်တန်း နှင့် Develop an IT Strategic Plan သင်တန်းများ၏ သင်တန်းဖွင့်ပွဲကို မတ်လ (၄) ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် လူမွန် တက်ရောက် အမှာစကားပြောကြားပါသည်။
အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (ဆက်သွယ်ရေး) အမြဲတမ်းအတွင်းဝန်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းကျောင်း ကျောင်းအုပ်နှင့် ဌာနတာဝန်ခံများ၊ ဆရာ/ ဆရာမများ၊ ဗဟိုအဖွဲ့အစည်းများ နှင့် ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးမှ CIO/ACIO များ၊ e-Government စီမံကိန်းလုပ်ငန်းများတွင်ဦးဆောင်၍ တာဝန်ယူဆောင်ရွက်နေသည့် အရာထမ်း များနှင့် သင်တန်းသား/ သင်တန်းသူများ စုစုပေါင်း ၈၈ ဦး တက်ရောက်ကြပါသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်က e-Government မှသည် Digital Government ဆီသို့ ကူးပြောင်းဆောင်ရွက်ရေးတွင် ICT ဝန်ထမ်းအင်အားများ လေ့ကျင့် ပျိုးထောင်မှုသည်အလွန်အရေးပါသည့်ကဏ္ဍတစ်ခုဖြစ်ပြီးအရည်အသွေးပြည့်ဝသောဒစ်ဂျစ်တယ် တတ်မြောက်မှုနှင့် ကျွမ်းကျင်မှုအဆင့်မြင့်မားသည့် ဝန်ထမ်းများ ဖြစ်လာစေရေးအတွက် နိုင်ငံ့ဝန်ထမ်းများ၏ စွမ်းဆောင်ရည်တည်ဆောက်ရေးနှင့် မြှင့်တင်ရေးအထောက်အကူပြု သင်တန်းများအား ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်းနှင့် ဒစ်ဂျစ်တယ်နည်းပညာများကို အသုံးပြုပြီး ပိုမိုကောင်းမွန်သည့် ဆန်းသစ်တီထွင်မှုများ ဖြစ်လာစေမည့် ဒစ်ဂျစ်တယ်ဂေဟစနစ်ကို ဖန်တီးပြီး Digital Infrastructure များ မြှင့်တင်ခြင်းဖြင့် အစိုးရ၏ ဝန်ဆောင်မှုများကို ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများအဖြစ် ဆန်းသစ်လာပြီ ဖြစ်ကြောင်း၊ နိုင်ငံသားများ၏ ပြောင်းလဲနေသည့် လိုအပ်ချက်တွေနှင့် မျှော်လင့်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် ဒစ်ဂျစ်တယ်နည်းပညာနဲ့ သတင်းအချက်အလက်တွေကို အသုံးပြုလာပြီး ပြည်သူ့ဝန်ဆောင်မှုတွေကို မဟာဗျူဟာကျကျ ဆုံးဖြတ်ပြီး ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် အစိုးရအဖွဲ့အစည်း အသီးသီးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ e-Government လုပ်ငန်းစဉ်တွေကိုစနစ်တကျအရှိန်အဟုန်မြှင့် ဆောင် ရွက်သွားကြဖို့နှင့် CIO/ACIO များ၊ e-Government လုပ်ငန်းများမှာ စီမံခန့်ခွဲ ဆောင်ရွက်နေကြ တဲ့သူများရဲ့အတွေ့အကြုံနဲ့ စွမ်းဆောင်နိုင်မှုဟာ အဓိကမောင်းနှင်အားတစ်ခုဖြစ်ပါကြောင်း။
e-Government မှသည် Digital Government ဆီသို့ ကူးပြောင်းဆောင်ရွက်ရေးတွင် ICT ဝန်ထမ်းအင်အားများ လေ့ကျင့်ပျိုးထောင်မှု သည် အလွန်အရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်ပြီး အရည်အသွေးပြည့်ဝသော ဒစ်ဂျစ်တယ်တတ်မြောက်မှုနှင့် ကျွမ်းကျင်မှုအဆင့်မြင့်မားတဲ့ ဝန်ထမ်းများ ဖြစ်လာစေရေးအတွက် နိုင်ငံ့ဝန်ထမ်းများ၏ စွမ်းဆောင်ရည် တည်ဆောက်ရေးနှင့် မြှင့်တင်ရေးလုပ်ငန်းများ ကြိုးစားလုပ်ကိုင် ဆောင်ရွက်သွားကြရန် အထူးလိုအပ်ပါကြောင်း နှင့် ဒီကနေ့ဖွင့်လှစ်တဲ့ သင်တန်း(၃)ခုဟာ အစိုးရဌာနအသီးသီးရဲ့ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေး မျှော်မှန်းချက်ကို ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်မည့် မဟာဗျူဟာကျကျ အကောင်အထည်ဖော် ဆောင်ရွက်တတ်စေမည့် နည်းဗျူဟာဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ အခြေခံမူဝါဒများ၊ အသုံးချနည်းပညာများကို ကောင်းစွာသိရှိနားလည် လုပ်ဆောင်သွားနိုင်မည်ဖြစ်ပါကြောင်း။
ဒစ်ဂျစ်တယ်နည်းပညာသစ်များ အရှိန်အဟုန်နဲ့ လျင်လျင်မြန်မြန် တိုးတက်ဖြစ်ထွန်း လာနေပြီး ယခုလိုမျိုး သင်တန်းတွေကနေ ရရှိလာတဲ့ အသိပညာ ဗဟုသုတတွေကနေ ပြောင်းလဲ တိုးတက်လာနေတဲ့ ခေတ်စနစ်နဲ့ လိုက်လျောညီထွေရှိစေဖို့ မဟာဗျူဟာကျကျ တွေးမြင်ပြီး တည်ဆောက်သွားနိုင်ဖို့ အားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရန်၊ ပိုမိုတိုးတက် ကောင်းမွန်တဲ့ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုနှင့် တီထွင်ဆန်းသစ်မှုများ ဖန်တီးသွားနိုင်ရေး တို့အတွက် အထူးအလေးထား ဦးတည်ဆောင်ရွက်သွားကြပါလို့ တိုက်တွန်းပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
Data Analytics and Power BI သင်တန်းသည် ၄-၃-၂၀၂၄ ရက်နေ့ မှ ၂၂-၃-၂၀၂၄ ရက်နေ့ အထိ ၃ ပတ် ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး Open Data and Data Analytics နှင့် Develop an IT Strategic Plan သင်တန်းများသည် ၄-၃-၂၀၂၄ ရက်နေ့ မှ ၈-၃-၂၀၂၄ ရက်နေ့အထိ ၅ ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် အစိုးရအဖွဲ့အစည်းများ/ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရပါသည်။
သင်တန်းကျောင်း