ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်းသည် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အစိုးရ၏ ဒီဂျစ်တယ် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် အရေးပါသော နိုင်ငံ့ဝန်ထမ်းများ၏ နည်းပညာ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးမှ CIO/ ACIO များနှင့် e-Government စီမံကိန်းများတွင် ဦးဆောင်၍ တာဝန်ယူဆောင်ရွက်နေသည့် အရာထမ်းများ၊ IT ပညာရှင်များအတွက် AI Governance and Digital Ethic သင်တန်း ၊ IT Service Management သင်တန်း၊ IT Infra Design and Planning သင်တန်း ၊ Advanced Excel သင်တန်းများ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၆ ရက် နေ့တွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(ဆက်သွယ်ရေး) ဦးလူမွန် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
အခမ်းအနားကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန(ဆက်သွယ်ရေး) မှ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန် နှင့် သင်တန်းကျောင်း ကျောင်းအုပ် နှင့် ဌာနတာဝန်ခံများ၊ သင်တန်းဆရာ/ ဆရာမများ၊ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စု ဝန်ကြီးဌာနများအသီးသီးမှ CIO/ACIO သင်တန်းသားများ၊ e-Government စီမံကိန်းများတွင် ဦးဆောင်၍ တာဝန်ယူဆောင်ရွက်နေသည့် အရာထမ်းများနှင့် သင်တန်းသား သင်တန်းသူ စုစုပေါင် ၁၀၈ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးလူမွန်က ယနေ့ခေတ် Industry အသီးသီး၏ ဝန်ဆောင်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုများတွင် AI ၊ Automation ၊ Robotic စသည့် နည်းပညာများကို အသုံးများလာကြပြီး Capital Deepening ဟုခေါ်သည့် Productive Workers နည်းနည်း၊ အဆင့်မြင့်နည်းပညာအရင်းအနှီး Capital များများဖြင့် လုပ်ဆောင် လာကြသည့်အတွက် Skill Employees များ လိုအပ်လာကြောင်း၊ အစိုးရ၏ ဝန်ဆောင်မှု လုပ်ငန်းများ အဆင့်မြင့်စေရန်အတွက် နိုင်ငံ့ဝန်ထမ်း (Capital Resources) များ၏ ပညာရေး၊ အသိပညာ၊ ကျွမ်းကျင်မှု၊ အတွေ့အကြုံများ တိုးတက်လာစေရန် Human Capital ကို မြှင့်တင်ပြီး မိမိအဖွဲ့အစည်းအတွက်သာမက တိုင်းပြည်ရဲ့ GDP ကိုပါတိုးတက်အောင် စွမ်းဆောင်လာနိုင်မည် ဖြစ်ပါကြောင်း။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသည် e-Government Focal Ministry အနေဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ တီထွင်ကြံဆမှု စွမ်းရည်များ ပိုမိုအားကောင်း လာစေရန် ယခုကဲ့သို့သော အဆင့်မြင့်နည်းပညာနဲ့ စီမံခန့်ခွဲမှုသင်တန်းများကို ဖွင့်လှစ်ပို့ချပေးနေခြင်း ဖြစ်ကြောင်း။
ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စု ဝန်ကြီးဌာနများအသီးသီးမှ CIO/ACIO များအနေဖြင့် လည်း မိမိတို့ဌာနရှိ ဝန်ထမ်းများကို ယခုသင်တန်းများက ရရှိလာသည့် အသိပညာ၊ အတတ်ပညာများ ကို ဆင့်ပွားသင်ကြားပေးရန်နှင့် အစိုးရအဖွဲ့အစည်းများ၏ ဒီဂျစ်တယ်အသွင် ကူးပြောင်းမှု လုပ်ငန်းစဥ်များနှင့် မဟာဗျူဟာများ အကောင်အထည်ဖော်ရာတွင် တီထွင်ဆန်းသစ်သော နည်းလမ်းများ၊ အတွေးအခေါ်များဖြင့် ရှေ့ဆက်လုပ်ဆောင်သွားရမည့် မူဝါဒလုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။
သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်းသည် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အစိုးရ၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် အရေးပါသော နိုင်ငံ့ဝန်ထမ်းများ၏ နည်းပညာကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အိုင်စီတီ၊ e-Government ၊ ဆိုက်ဘာလုံခြုံရေးဘာသာရပ်များ၊ Soft Skill သင်တန်းများ၊ နည်းပညာပိုင်းဆိုင်ရာ မူဝါဒသင်တန်းများနှင့် အခြားဆက်စပ် သင်တန်းများအား စဥ်ဆက်မပြတ် ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ၂၀၁၆-၂၀၁၇ လေ့ကျင့်သင်ကြားရေးနှစ် မှ ၂၀၂၄-၂၀၂၅ လေ့ကျင့်သင်ကြားရေးနှစ်၊ ဒီဇင်ဘာလအထိ သင်တန်းအမျိုးအစား ၅၁ မျိုး ၊ သင်တန်းအကြိမ်အရေအတွက် ၂၀၉ ကြိမ် ဖြင့် အရာထမ်း ၂၂၆၂ ဦး၊ အမှုထမ်း ၃၈၇၃ ဦး စုစုပေါင်း သင်တန်းသားဦးရေ ၆၁၃၅ ဦး လေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။